Sunday, September 16, 2012

အင်တာနက်စွဲလမ်းမှုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

သင်ဟာ ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ သုံးဖြုန်းလေ့ရှိသူ တစ်ယောက် ဖြစ်နေပါသလား။ ယခုအခါမှာ လူအမြောက်အများဟာ အင်တာနက်စွဲလမ်းမှု ရောဂါကို ခံစားနေရလေ့ရှိကာ မိမိတို့ ၀န်းကျင်ရှိ အရေးကြီး သော ဆောင်ရွက်စရာ ကိစ္စရပ်များကို အချိန်ပေးကာ ဂရုတစိုက် လုပ်ကိုင်နိုင်မှု အားနည်းလာကြ ပါတယ်။

လိုက်နာသင့်သော အဆင့်များ
  1. ၀န်ခံပါ။ အင်တာနက် စွဲလမ်းမှု ရောဂါ ရနေကြောင်း မိမိကိုယ်ကို ၀န်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကို ကွယ်ဝှက်လိမ်ညာခြင်းဟာ မည့်သည့် အကျိုးကျေးဇူးမျှ မရှိပါဘူး။
  2. ကမ္ဘာတ၀ှမ်းမှာ အင်တာနက်စွဲလမ်းသူတွေ တစ်နေ့တစ်ခြား တိုးပွားလာနေတယ်ဆိုတာကို သတိထားကြည့်ပါ ။ ဒီစွဲလမ်းမှု ပြဿနာကို မိမိတစ်ဦးတည်းသာ ခံစားနေရတာ မဟုတ်ပါဘူး။ တစ်နေ့တစ်ခြား အဲဒီပြဿနာဟာ ဖြစ်နေကြပါ။ ဒါ့ကြောင့် ရှက်မနေပါနဲ့။ မိမိလိုမျိုး ခံစားနေရတဲ့ အခြားသူများကို တွေ့ဆုံပါ။ ဒီအစွဲအလမ်းကို ဖြေဖျောက်ပစ်ဖို့ တစ်ဦးကို တစ်ဦး အကူအညီပေးပါ။
  3. အင်တာနက်၊ ဗွီဒီယိုဂိမ်း၊ တီဗွီ သို့မဟုတ် ကွန်ပြူတာ တို့နဲ့ မပတ်သက်တဲ့ ၀ါသနာပါရာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ပါ။  လူမှုရေး အသင်းအဖွဲ့တွေ၊ ကလပ်တွေ၊ အားကစားတွေ၊ ဘုရာရှိခိုးကျောင်း၊ ဂီတ၊ အတီးအမှုတ်၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း စတဲ့ နယ်ပယ်တွေမှာ ၀င်ရောက် လှုပ်ရှားပါ။  သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ အပြေးလေ့ကျင့်တာမျိုး၊ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။ အချိန်မှန်မှန် အိပ်ရာဝင်ပါ။ ကောင်းမွန်စွာ အိပ်စက် အနားယူပါ။ မိမိရဲ့ အသိုင်းအ၀ိုင်း၊ ၀န်းကျင်နဲ့အတူတူ စီးမျောပါ။ အဖြစ်အပျက်များကို သတိချပ်နေပါ။ တစ်ဦးနဲ့တစ်ဦး စကားလက်ဆုံကျတာတို့ ၊ ရုပ်ရှင် အတူကြည့်တာတို့၊ တေးဂီတပွဲတော်တို့ ၊ မိမိ ဒေသရှိ အားကစားပွဲတွေတို့ စာအုပ်စာပေတွေတို့ အစရှိသဖြင့်ပေါ့။ အင်တာနက်နဲ့ မပတ်သက်တဲ့ စိတ်ပါဝင်စားရာ လုပ်ငန်း၊ ၀ါသနာတို့ကို အာရုံထား လုပ်ကိုင်သင့်ပါတယ်။ 
  4. စာကျက် စရာများကို ပြီးစီးအောင်လုပ်ပါ။ သင်ဟာ ကျောင်းသားတစ်ဦး ဖြစ်ပါက သင့်ရဲ့ အိမ်စာတွေနဲ့ စာကျက်မှတ်ခြင်းတို့ ကို လုပ်ဆောင်ပါ။  ဒါဟာ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အခါ အမှန်ကန်ဆုံး လုပ်ငန်းပဲဖြစ်ပါတယ်။ စောစော စာကျက်မှတ်ထားတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေ တိုးပွားနေမှာပါ။  အင်တာနက်ပေါ်တက်ကာ ၀ီကီပီးဒီးယားမှာ ရှာဖွေနေမယ့်အစား စာကြည့်တိုက်ထဲမှာ ရှာဖွေဖတ်ရှုနေတာမျိုး လုပ်ဆောင်ပါ။  နောက်တစ်နေ့ စာမေးပွဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့တာ သင်ကြားခဲ့ရသမျှကို ပြန်လေ့လာကျက်မှတ်ပါ။
  5. မိဘတွေ၊ မောင်နှမသားချင်းတွေရဲ့ ချက်ပြုတ်ကြော်လှော်မှုတွေကို ကူညီပေးပါ။ သင့်ကို အွန်လိုင်းမှာ ချက်တင်ထိုင်နေမယ့်အစား မိမိတို့နဲ့ အတူတူ  စားဖို့သောက်ဖို့ ပြင်ဆင်ချက်ပြုတ်မှုတွေမှာ အကူအညီပေးတာကို မိဘတိုင်းလိုလို သဘောကျ နှစ်ခြိုက်ကြပါတယ်။  ညချမ်းအခါ မိသားစုအတွက် စားသောက်ဖွယ်ရာတစ်ခုခု ချက်ပြုတ်ပေးတာမျိုး ပြုလုပ်ပါ။  ခဏတဖြုတ်ဖြစ်ဖြစ် ကွန်ပြူတာနဲ့ ကင်းကွာနေစေတဲ့ လုပ်ငန်းဆောင်တာ တစ်ခုခုကို ပြုလုပ်နေခိုက်မှာ မိမိဟာ အင်တာနက်နဲ့ အချိန်ခပ်ကြာကြာ နေနိုင်ပါလားဆိုတဲ့ ယုံကြည်မှုမျိုး တိုးပွားလာစေပါတယ်။
  6. သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးနေပါ။  ဘောလုံးကန်တာမျိုး၊ စကိတ်စီးကွင်းသွားတာမျိုး၊ ရှော့ပင်းမောသွားတာမျိုး တွေကို သူငယ်ချင်းတွေနဲ့ သွားဖို့ မကြာမကြာ အစီအစဉ်တွေ ဆွဲပါ။ ညနေခင်းမှာ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတကွ လမ်းလျှောက်ထွက်ခြင်းမျိုး ပြုလုပ်ပါ။ အခမဲ့ အင်တာနက်သုံးစွဲမှု ရနိုင်တဲ့ ကော်ဖီဆိုင် စတဲ့ နေရာမျိုးတွေကို တတ်နိုင်သမျှ ရှောင်ပါ။
  7. ညမှာ ကိုယ့်မိသားစုနဲ့ အတူတူနေထိုင်ပါ။ ညစာစားချိန်မှာ ရုပ်မြင်သံကြား ကြည့်နေတာမျိုး၊ တောင်လုပ်မြောက်လုပ် စိတ်ကူးတည့်ရာ လုပ်ကိုင်နေတာမျိုး စတာတွေ မလုပ်ပဲ မိသားစုနဲ့ အတူတူ တစ်စားပွဲတည်း ညစာ စားပါ။ ဒီညအတွက် မိသားစုနဲ့ အတူတူဆော့ကစားနိုင်မယ့် ကစားနည်းမျိုးကို ညစာ စားပွဲမှာ တိုင်ပင်ပြောဆိုပါ။
  8. ကိုယ့်ရဲ့ ကွန်ပြူတာ အသုံးပြုချိန်ကို ကန့်သတ်ထားပါ။  သီတင်းပတ် တစ်ပတ်အတွင်း ကွန်ပြူတာကို အချိန်များများ မဖွင့်မိစေဖို့ သတိပြုပါ။ ကိုယ်ပိုင်လက်ပ်တော့ ပိုင်ဆိုင်ပါက လက်ပ်တော့ကို မိမိ မမြင်သာနိုင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားပါ။ ကိုယ်သိမ်းထားတဲ့နေရာကိုတော့ မှတ်မိဖို့ လိုတယ်နော်။ မျက်စိရှေ့မှောက်မှာ ကွန်ပြူတာမရှိရင် အသုံးပြုလိုစိတ်ကလည်း နည်းနေမှာပါ။  ကိုယ့်မှာ စားပွဲတင် ကွန်ပြူတာတစ်လုံး ရှိပါက အဲဒီကွန်ပြူတာကို မိမိနဲ့ ခပ်ဝေးဝေးမှာ ထားပါ။ 
  9. အွန်လိုင်းမှာ မက်ဆေ့ဂ်ျပို့နေမယ့်အစား သူငယ်ချင်းတွေဆီကို ဖုန်းခေါ်ပါ။ သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းခေါ်ပြီး သူနဲ့အတူတူ အပြင်ထွက်ကာ သုံးနာရီလောက် အချိန်ဖြုန်း လည်ပတ်ကြဖို့ တိုင်ပင်ကြပါ။  ဒီလိုပြုလုပ်ခြင်းဟာ သင့်ကို ကွန်ပြူတာ မသုံးမိအောင် စွမ်းဆောင် ပေးပါလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်းနဲ့ အိမ်စာအတူတူလုပ်ကြတာမျိုးလည်း ပြုလုပ်ပါ။
  10. နာရီကို နှိုးစက်ပေးထားပါ(သို့) timer ပေးထားပါ။ ကွန်ပြူတာကို အသုံးမပြုခင် နာရီဝက်၊ တစ်နာရီ စသဖြင့် အသုံးပြုချိန် ကန့်သတ်ထားပါ။  နာရီနှိုးစက် မြည်လာချိန် (သို့) timer ပြည့်သွားချိန် ကွန်ပြူတာရှေ့မှ ချက်ချင်း ထနိုင်အောင် ကြိုးစားပါ။  နာရီမသုံးချင်ပါက မိမိကွန်ပြူတာထဲတွင် shutdown timer လိုမျိုး ပရိုဂရမ်ကို ထည့်သွင်းအသုံးပြုပါ။ ဒါမှမဟုတ် Sheduled Task ပေးထားကာ အသုံးပြုနိုင်ပါတယ်။ 
  11. ကွန်ပြူတာရှေ့မှာ အစာမစားပါနဲ့။ နံနက်စာ၊ ညစာတို့ကို ကွန်ပြူတာရှေ့မှာ မစားပဲ တခြားနေရာမှာ စားသောက်ခြင်းဟာ အွန်လိုင်းပေါ် မတက်မိနေစေရန် ကူညီ ပေးပါလိမ့်မယ်။
မှီငြမ်း http://www.wikihow.com/Avoid-Internet-Addiction

Stealthy 2.3.3

ဒီကောင်လေးကတော့ Firefox add-on လေးတစ်ခုပဲဖြစ်ပါတယ်။ သေးသေးလေးပေမယ့် သူရဲ့စွမ်းဆောင်နိုင်မှုကတော့ အံ့မခန်းပါပဲ။ သူက proxy add-on လေးဖြစ်ပါတယ်။ ကျွန်တော်တို့ ISP တွေဟာ တစ်ချို့ site တွေကို ၀င်လို့ မရအောင် banned ထားလေ့ရှိပါတယ်။ ဒါ့အပြင် skynet လိုမျိုး လိုင်းတွေမှာ blogspot.com တွေ ၀င်ကြည့်လို့ ရသော်လည်း အဲဒီ blog မှာတင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ အသံတွေကို ဖွင့်လို့ မရတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို မိမိရဲ့ ISP က banned ထားတဲ့ site တွေကို လွယ်လင့်တကူ ကျော်ချင်လို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ IP address ကို ခေတ္တ နေရာလွှဲချင်လို့ပဲဖြစ်ဖြစ် ဒီ add-on လေးကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ
  • ပထမဦးစွာ မိမိရဲ့ Firefox မှာ Menu Bar မှာရှိတဲ့ Tools ဆိုတဲ့ menu ကို သွားပါ။ အဲဒီမှာ Add-ons (Ctrl+Shift+A) ကိုဝင်လိုက်ပါ။ 
  • Search Box လေးကျလာရင် stealthy ဆိုပြီး ရှာလိုက်ပါ။ 
  • တွေ့ရင် install လုပ်လိုက်ပါ။ ပြီးသွားရင် restart ချခိုင်းပါလိမ့်မယ်။ ဒါဆိုရင် firefox ကို restart ချလိုက်ပါ။
  • Firefox ပြန်တက်လာတဲ့အခါ Address bar အဆုံးမှာ အနီရောင် တိုက်လေယာဉ် ပုံစံလေးကို မြင်ရပါလိမ့်မယ်။ 
  • အသုံးပြုချင်ရင် အဲဒီ တိုက်လေယာဉ်လေးကို click လိုက်ပါ။ ခဏနေရင် အစိမ်းရောင် ပြောင်းသွားပါလိမ့်မယ်။
  • အစိမ်းရောင်ဖြစ်သွားရင် သွားချင်တဲ့ site ကို သွားလို့ရပါပြီ။ 
  • အဆင်ပြေကြပါစေ။
  • http://www.stealthy.co/

Saturday, September 15, 2012

Theme

Sharing is Caring Blog လေးမှ ကြိုဆိုပါတယ်။ ကောင်းနိုးရာရာများကို တတ်နိုင်သမျှ စုစည်းဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။