Friday, July 1, 2016

အာရုံကြောင့် စိတ်ဖြစ်ပုံ

ဆရာဦးဝင်းရွှေတင်ထားသော အာရုံကြောင့်
စိတ်ဖြစ်တာလား စိတ်ကြောင့်အာရုံဖြစ်တာလား ဆိုတာနဲ့ပတ်သက်ပြီး စိတ်=အာရမ္မဏ ဝိဇာနန လက္ခဏာ (အာရုံကိုသိခြင်းသဘောတရား)လို့မှတ်သား
ဖူးပါတယ်။ အာရုံမရှိဘဲ စိတ်ဖြစ်နိုင်ခြင်းမရှိ လို့မှတ်သားဖူးပါတယ်။ ပဋ္ဌာန်းဒေသနာတော် အာရမ္မဏပစ္စည်းအကြောင်းမှအာရုံကြောင့်စိတ်ဖြစ်ပုံကို ကျွန်တော်နားလည်သလောက် ရေးသားလိုက်ပါတယ်။
အမှားပါရင် ခွင့်လွတ်သည်းခံသွန်သင်ပေးကျပါခင်ဗျာ။

အာရမ္မဏပစ္စည်း (Object Condition)
…………………………………………………
အာရမ္မဏဟူသည် မှီတွယ်ရာပျော်မွေ့ရာ ဟုအနက်ရသည်။အာရုံပြုသောအားဖြင့် ကျေးဇူးပြုခြင်းဟု အလွယ်မှတ်သားနိုင်သည်။
ဒီနေရာမှာ စိတ်(Mind)နဲ့အာရုံ(Object)ဆိုတာ ကွဲပြားဖို့လိုပါတယ်။

စိတ်ဟူသည်မှာ သိတတ်ညွတ်တတ်သောသဘောဘာဝရှိပါတယ်။ ဒါပေမယ့် စိတ်ဟူသမျှဟာပျော်မွေ့ရာ အာရုံနဲ့ကင်းပြီးမဖြစ်နိုင်ဘဲ အာရုံတခုခုကိုမှီတွယ် ပြီးမှသာဖြစ်သောသဘာဝရှိပါတယ်။

အာရုံဆိုသည်မှာ အသိခံရတဲ့သဘော/သိစရာကိုဆိုလိုတာဖြစ်ပြီး လူတိုင်းမှာ
အမြင်တည်းဟူသောရူပါရုံ အသံတည်းဟူသောသဒ္ဒါရုံ
ရနံ့ဟူသောဂန္ဓာရုံ အရသာဟူသောရသာရုံ
အထိအတွေ့ဟူသောဖောဋ္ဌဗ္ဗာရုံနှင့်
အကြံအစည်ဟူသောဓမ္မာရုံဆိုပြီးအာရုံ၆ပါးရှိပါတယ်။

ဥပမာ တခုခုကိုမြင်တယ်ဆိုရင် မြင်စရာတည်းဟူသော ရူပါရုံဟာ မြင်စိတ်လို့အလွယ်ခေါ်တဲ့ စက္ခုဝိညာဏဓာတ်နဲ့ ယှဉ်ဖက်စေတသိတ်တွေဖြစ်ပေါ်လာဖို့ အာရမ္မဏပစ္စည်းနဲ့ကျေးဇူးပြုပါတယ်။ရှင်တော်ဘုရားက ဒါကို
'ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော'လို့ဟောကြားထားပါတယ်။

'Visible object-base is related to eye-consciousness-element and its associated
conditions by the force of object condition.'

ဒါ့အပြင် အကျယ်ထပ်ဆိုရမယ်ဆိုရင် မြင်စိတ်ဟာ ရူပါရုံ(Visible Object)တခုတည်းကြောင့်ဖြစ်လာတာ မဟုတ်ဘဲ မျက်လုံးဟုခေါ်သော စက္ခုပသာဒရုပ်
(?Retina) +အလင်းရောင်(Light)+မနသိကာရ (Attention/နှလုံးသွင်းမှု)စသည့် ၄ရပ်ပြည့်စုံမှသာဖြစ်ပေါ်ပါတယ်။ တခုခုချွတ်ယွင်းရင်ကို ဖြစ်ပေါ်မှုမရှိပါဘူး။အခြား စိတ်၅မျိုးမှာလည်းအလားတူပါပဲ။
ဥပမာ တခုခုကိုအလွန်အာရုံစိုက်ချိန်မှာ တခြားအရာတွေဘာမှ မသိမကြားမမြင်ဖြစ်တာ ဟာ မနသိကာရဆိုတဲ့နှလုံးသွင်းမှုမရှိလို့ပါ။

ပဋ္ဌာန်း၂၄ပစ္စည်းမှာ အာရမ္မဏပစ္စည်းကို အကျယ်ဝန်းဆုံးအဖြစ်သတ်မှတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ပညတ်လို့ခေါ်တဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသမျှနဲ့ ပရမတ်ဆိုသော ပကတိတရား၎ပါး (စိတ် စေတသိတ် ရုပ် နိဗ္ဗာန်)အားလုံးဟာ အာရုံယူနိုင်တာမို့ အာရမ္မဏပစ္စည်း နဲ့လွတ်ကင်းတာမရှိလို့ပါ။

လူတွေမှာရှိတဲ့စိတ်ကို ဝီထိစိတ်(လှုပ်ရှားနေသောစိတ်)နှင့်
ဘဝင်စိတ်(ငြိမ်သက်နေသောစိတ်)ဆိုပြီး ၂ပိုင်းခွဲခြားထားပါတယ်။ ဝီထိစိတ်တွေကကျွန်တော်တို့အသက်ရှင်လှုပ်ရှားနေ သောအချိန်မှာဖြစ်ပျက်နေပြီး ဘဝင်စိတ်တွေကတော့ ဝီထိစိတ်တွေမရှိတဲ့အချိန် (ဥပမာအိပ်ပျော်နေချိန်) မှာဖြစ်ပျက်နေပါတယ်။ စိတ္တနိယာမအရ၄င်းစိတ်တွေဟာတလှည့်စီ ဖြစ်ပျက်နေပါတယ်။

ဒီနေရာမှာ စိတ္တနိယာမအရ ဘဝင်စိတ်ကနေ ဝီထိစိတ်ကိုကူးပြောင်းသွားတာလေးကို ဖော်ပြပေးပါ့မယ်။
ဥပမာ လူတယောက်အိပ်နေရာကလန့်နှိုးပြီး ပန်းသီးတလုံးကိုမြင်လိုက်ရတယ်ဆိုရင်…… အိပ်နေတယ့်အချိန်မှာ ဘဝတခုဆက်နိုင်ဖို့ ဘဝင်စိတ်တွေဖြစ်ပေါ်နေပါတယ်။ ရုတ်တရက်လန့်နိုးပြီး ပန်းသီးတလုံးမြင်လိုက်ရတယ်ဆိုရင် ဘဝင်စိတ်တွေချုပ်ပြီး ပန်းသီးဆိုသော ရူပါရုံကြောင့် ဘဝင်စိတ်တွေချုပ်ပြီး ဝီထိစိတ်များဖြစ်ပေါ်လာပါတယ်။

ဒါပေမယ့်ဘဝင်စိတ်တွေဟာရုတ်ချည်းချုပ်တာမဟုတ်ပဲ အရှိန်နဲ့သွားနေရာက ပြင်ပအာရုံတခု ကြောင့်ပြတ်စဲတော့မယ်ဆိုရင် ပထမဆုံး *ငြိမ်သက်နေသောဘဝင်စိတ်များ လှုပ်ခါခြင်း *ပြတ်တောက်ခြင်းတို့ဖြစ်ပါတယ်
(အတီတဘဝင်-ရှေးဘဝင်စိတ် .
ဘဝင်္ဂစလန-ဘဝင်စိတ်လှုပ်ရမ်းခြင်း
ဘဝင်္ဂုပစ္ဆေဒ-ဘဝင်စိတ်ပြတ်တောက်ခြင်း)။ ထို့နောက်
*လာတိုက်ခတ်သော ပြင်ပအာရုံကိုဆင်ခြင်ခြင်း
(ပဉ္စဒွါရဝဇ္ဇန်း-မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဖြင့်ဆင်ခြင်ခြင်း)
*သက်ဆိုင်ရာမြင်ကြားသိစိတ်များဖြစ်ပေါ်ခြင်း
(သက်ဆိုင်ရာဝိညာဏ စိတ်များဖြစ်ခြင်း)
*၄င်းအာရုံကိုလက်ခံခြင်း(သမ္ပဋိစ္ဆိုင်း)
*လက်ခံရရှိသောအာရုံကိုစုံစမ်းခြင်း (သန္တီရဏ)
*၄င်းအာရုံမည်သည့်အရာဖြစ်သည်ဟု ဆုံးဖြတ်ခြင်း(ဝုဋ္ဌော)
*ဆုံးဖြတ်ပြီးသောအာရုံအားကောင်းဆိုးခံစားခြင်း (ဇော -၇ကြိမ်ဖြစ်သည်။ ခံစားချက်ပေါ်မူတည်၍ ကုသိုလ် အကုသိုလ်  ကြိယာ တို့ဤအချိန်တွင်ဖြစ်သည်)
*ထို့နောက် အာရုံကိုဆက်လက်ခံစားလိုခြင်း (တဒါရုံ-၂ကြိမ်ခန့်ဖြစ်သည်။)
ထို့နောက်ပြန်အိပ်ပျော်သွားပါက ဘဝင်စိတ်များ ပြန်ဖြစ်ပြီး အခြားအာရုံများရှိပါက ဝီထိစိတ်များ ဆက်ဖြစ်ပါတယ်။

ဇော နဲ့တဒါရုံ ဆိုတာ ရှင်းအောင် ဥပမာပေးရရင် ဇောဆိုတာ ဇဝနဆိုသော ပါဠိစကားကသက်ဆင်းလာပြီး သက်ဆိုင်ရာအာရုံများကိုအရှိန်ဖြင့်ခံစားခြင်း
(Mental impulsion)ဖြစ်ပြီး တဒါရုံ(Derived matter)ဆိုသည်ကတော့ ဇောအဟုန်ရပ်တန့် သော်လည်းဆက်လက်ခံစားနေချင်တာဖြစ်ပါတယ်။ သဘောင်္တစီးရပ်နားပေမယ့် ရေလှိုင်းဂယက်များကျန်ပုံကိုမြင်ယောင်ကြည့် နိုင်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း ဝီထိဆိုသောစိတ် ဖြစ်စဉ်တခုမှာ အတီတဘဝင် ကစပြီး နောက်ဆုံး တဒါရုံအထိ အားလုံးပေါင်း ၁၇ချက်ရှိပါတယ်။ တချက်ခြင်းမှာလည်း ဖြစ်ချိန် (ဥပါဒ်) တည်ချိန်(ဌီ) ပျက်ချိန်(ဘင်)ဆိုပြီး အဘိဓမ္မာမှာထပ်ပြီးခွဲခြားပါတယ်။
(ဒါပေမယ့် အလွန်တိုတောင်းလွန်းလို့ စိတ္တယမိုက်မှာတော့ ဌီကို ဖယ်ပြီးဟောကြားတာမှတ်သားဖူးပါတယ်)

ဒါ့အပြင်စိတ်တခုဖြစ်ပေါ်တိုင်း စေတသိတ်များ(စိတ်ကိုလွမ်းမိုးခြယ်လှယ်သောအရာများ)ကပါဝင်ပါတယ်။ စေတသိတ်ပေါင်း ၅၂ခုရှိတယ်လို့ အကျယ်ဟောထားပေမယ့် စိတ်တခုဖြစ်တိုင်း၅၂ခုလုံး ပါဝင်တာမဟုတ်ဘဲ ဆိုင်ရာစေတသိတ်များကသာပါဝင်ပါတယ်။ ဒါပေမယ့် စိတ်တခုဖြစ်တိုင်းဖြစ်တိုင်းမှာ သဗ္ဗစိတ္တသာဓာရဏစေတသိတ်များလို့ခေါ်သော (သဗ္ဗ=အလုံးစုံ .စိတ္တ=စိတ် .သာဓာရဏ=ဆက်ဆံမှု)

၁။ဖဿ     (mental contact)
၂။ဝေဒနာ(feeling)
၃။သညာ(perception)
၎။စေတနာ(volition or stimulation)
၅။ဧကဂ္ဂတာ(concentration on only one point)
၆။ဇီဝိတိနြေ္ဒ(psychic life)
၇။မနသိကာရ(attention) 
ဆိုသောစေတသိတ်၇ခုကတော့အမြဲပါဝင်ပါတယ်။

အဆိုပါစိတ်ဝီထိဖြစ်စဉ်တခုမှာ အတီတဘဝင်ရဲ့ ဥပါဒ်အချိန်မှစပြီး နောက်ဆုံး ဒုတိယတဒါရုံရဲ့ ဘင်ခဏထိ 'အာရုံများ' ဟာသက်ဆိုင်ရာ မြင်/သိ/ိကြား/နံ/ထိ/တွေးသိ စသောစိတ်များနဲ့တကွ ဆိုင်ရာစေတသိတ်များဖြစ်ပေါ်စေဖို့အတွက် အာရမ္မဏပစ္စယော နဲ့ ကျေးဇူးပြုပေးပါတယ်။

ဒါကြောင့်မို့ အာရမ္မဏပစ္စယောကို လေ့လာခြင်း အားဖြင့် ပြင်ပအာရုံများကြောင့် သက်ဆိုင်ရာစိတ်နှင့်တကွ စိတ်ကဖန်တီးသောစိတ္တဇရုပ်များဖြစ်ပေါ်လာတယ် လို့ ယူဆမိကြောင်းပါ။


No comments:

Post a Comment