Friday, January 1, 2016

အာသယဓာတ်အကြောင်း၊ ဒိဋ္ဌနှစ်ပါး၏ အထူး နှင့် ၀ါဒသုံးမျိုး (မင်းကွန်းဆရာတော်ကြီး)



မင်းကွန်းဆရာတော်ကြီး၏
"သာသနာ့ချိန်ခွင်ကြီးလေးလက် တရားတော်" မှ ကောက်နုတ်ချက်အချို့
=============
_/|\_/|\_/|\_ မင်းကွန်းဆရာတော် _/|\_/|\_/|\_
ဗုဒ္ဓသာသန၀ိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဆဋ္ဌသင်္ဂါယနာ ၀ိသဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
"အရှင်ဝိစိတ္တသာရာဘိဝံသ"၏
ဟောစဉ်တရားတော်များ (ပဉ္စမတွဲ)မှ ကောက်နုတ်ဖော်ပြသည်။
.
အာသယဓာတ်အကြောင်း
*********************
တရားတော်နယ်ပယ်ထဲမှာ မြတ်စွာဘုရား၌ အာသယာနုသယ = သတ္တ၀ါတို့ရဲ့ အာသယဓာတ်နှင့် အနုသယဓာတ်ကို သိတဲ့ သာဝကတို့နှင့် မဆက်ဆံသော ဉာဏ်တော်တစ်မျိုး ရှိတယ်။
အဲဒီ အာသယာနုသယဉာဏ် ဆိုတဲ့ အာသယကိုသိဖို့ အရေးကြီးတယ်။ ``အာသယ
´´ ဆိုတဲ့ ပါဠိစကားကို နားလည်အောင် ပြောကြစို့။
.
သံသရာဝဋ်မှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတွေ အများကြီး ရှိကြတယ်။ ဥပမာအားဖြင့် ဟိုတောထဲက သားသမင်ကလေးသည် တစ်နေ့လုံး အရှေ့၊ အနောက်၊ တောင်၊ မြောက် အစာအာဟာရ ရမည်ထင်တဲ့ နေရာမှာ လှည့်လည်ကျက်စားတယ်။ နေ၀င်လို့ တစ်နေ့တာ အစာရှာမှု ရပ်နားတော့မယ်ဆိုယင် အရှေ့သွားယင် အရှေ့ကနေပြီး သူ့ချုံပုတ်ကလေးအရောက် ပြန်လာတယ်။ အနောက်သွားလည်း အနောက်က၊ တောင်သွားလည်း တောင်က၊ မြောက်သွားလည်း မြောက်က သူ့ချုံပုတ်ကလေးကိုတော့ ပြန်ရောက်အောက် အမြဲလာတယ်။ အဲဒီသူ့ချုံပုတ်ကလေးကို ``မိဂအာသယ = သားသမင်ရဲ့ ကိန်းပျော်ရာ အာသယ
´´ လို့ ခေါ်တယ်။
.
ထို့အတူ သံသရာဝဋ်ထဲမှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတို့ရဲ့ ``စိတ်
´´ တည်းဟူသော သားသမင်ကလေးလည်းပဲ တစ်နေ့ တစ်နေ့အဖို့ရာမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာနှင့် အလားတူသည့် ပရိယေသန စီးပွားဖြစ်မည့် အလုပ်အကိုင်ဆိုတဲ့ နေရာတွေမှာ စိတ်တည်းဟူသော သားသမင်ကလေး တစ်နေ့လုံး ကျင်လည်လှည့်ပတ် လှုပ်ရှားပြီးတော့ တစ်နေ့အဖို့ ``ငါအလုပ်နားပြီ´´ ဆိုတော့ သံသရာဝဋ်မှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတို့ရဲ့ ``စိတ်´´ တည်းဟူသော သားသမင်ကောင်ကလေးဟာ ``အာသယ´´ ဆိုတဲ့ သူကိန်းပျော်ရာ ချုံပုတ်နှင့်တူသော ဓာတ်သဘောသို့ လာပြီးတော့ ပျော်တယ်။
.
အဲဒီ အာသယဆိုတဲ့ ကိန်းပျော်ရာ ဓာတ်သဘောက
(၁) ပညာအာသယ
(၂) ဒိဋ္ဌိအာသယ လို့ နှစ်မျိုးရှိတယ်။
.
(၁) စိတ်တည်းဟူသော သားသမင်၏ ကိန်းပျော်ရာ ``ပညာ
´´ တည်းဟူသော အာသယ။
.
(၂) စိတ်တည်းဟူသော သားသမင်၏ ကိန်းပျော်ရာ ``ဒိဋ္ဌိ
´´ တည်းဟူသော ချုံပုတ် အာသယ လို့ ဆိုတယ်။
.
လူတစ်ရာမှာဆိုရင် တစ်ကျိပ် (၁၀ ယောက်)လောက်က #ပညာအာသယ ရှိတယ်။  ဒါဟာ အားနားပါးနာ အကောင်းဘက်ကို ဂဏန်းတိုးပြီး ပြောရတာ။.
လူတစ်ရာမှာဆိုရင် ကိုးကျိပ် (၉၀)လောက်က #ဒိဋ္ဌိအာသယ ရှိတယ်။
. 
တစ်နည်းအားဖြင့် ပြောရယင် လူတစ်ရာလျှင် တစ်ကျိပ်လောက်သော ပညာအာသယရှိကြတဲ့ ပုဂ္ဂိုလ်များသည် တစ်နေ့လုံး မိမိတို့ ပရိယေသနအတွက် မိမိတို့စိတ်ကို မိမိတို့၏ အလုပ်ထဲမှာ ခိုင်းစေပြီး ဒီကနေ့ အလုပ်နားပေါ့လို့ ဆိုတော့ အဲဒီအချိန်မှာ ပညာအာသယ = ပညာတည်းဟူသော ကိန်းပျော်ရာ ချုံပုတ်အာသယ ရှိတဲ့လူ တစ်ကျိပ်တို့အနက် ``ငါးယောက်´´ လောက်က သဘောတူရာ ပုဂ္ဂိုလ်ချင်း စုပေါင်းပြီးတော့ -
"မိမိတို့ရဲ့ လက်ရှိ ခန္ဓာငါးပါးဟာ ဘာကြောင့် ဖြစ်သလဲ" လို့ ပဋိစ္စသမုပ္ပါဒ် သဘောကို ဆွေးနွေးကြတယ်၊  မေးမြန်းကြ၊ ဟောပြောကြ၊ တရားနာကြတယ်။
.
အဲဒီအခါမှာ သိတဲ့ပုဂ္ဂိုလ်များက -
"အ၀ိဇ္ဇာ၊ သင်္ခါရတည်းဟူသော အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်ဒီဘ၀မှာ  ၀ိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ အကျိုးတရား ငါးပါးတို့ ပေါ်ကြတယ်။  အေး... ခင်ဗျားတို့၊ ကျုပ်တို့ တစ်နေ့လုံး အလုပ်လုပ်တဲ့ အထဲမှာ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ ဆိုတဲ့ ဒီပစ္စုပ္ပန် အကြောင်းတွေကလည်း နေ့စဉ် ကျွန်ုပ်တို့ လုပ်နေတာဖြစ်တော့ အနာဂတ်မှာလည်းပဲ ဇာတိ၊ ဇရာ၊ မရဏ လို့ခေါ်တဲ့ (တရားကိုယ် ချကြည့်ရင်) နောက် နောက် ဘ၀မှာ ဖြစ်တဲ့ ၀ိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ အနာဂတ် အကျိုးငါးပါး ပေါ်လိမ့်မယ်"
.
အဲဒီလို ပဋိစ္စသမုပ္ပါဒ် တရားသဘောကို တွေးတော၊ ကြံစည်၊ ဆွေးနွေး၊ မေးမြန်း၊ ဟောပြော၊ နာကြားခြင်းတို့ဖြင့် အချိန်ကုန်စေကြတယ်။  အဲဒီပုဂ္ဂိုလ် ရာခိုင်နှုန်း ငါးယောက်ခန့်ကို "အနုလောမိက ခန္တိ" ဆိုတဲ့ ဉာဏ်ပညာ အာသယဓာတ် ကိန်းပျော်ရာ ချုံပုတ်ရှိတဲ့ သတ္တ၀ါလို့ ခေါ်ဆိုရတယ်။
.
အခြား ဉာဏ်ပညာ အာသယဓာတ်ခံ ချုံပုတ်ရှိကြတဲ့ လူငါးယောက်ခန့်က ဘာပြောသလဲဆိုယင် -
"အေး.. ခင်ဗျားတို့၊ ကျုပ်တို့ ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဆင်းတွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ၊ အတွေ့အထိတွေ ယခု မရှိကြတော့ဘူး။  ကျွန်ုပ်တို့မှာ အဆင်းတွေ၊ အသံတွေ၊ အားတွေ လျော့ပါးကုန်ပြီ။  ကုန်ကုန်ပြောရယင် မနေ့ကဖြစ်ခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ သဘောတွေဟာ ဒီကနေ့ ပါမလာတော့ဘူး၊  သူဖြစ်တဲ့ နေရာမှာပဲ ချုပ်ပျောက်ကြတယ်။  အမှန်တော့ ဒါတွေဟာ
မမြဲတဲ့ = အနိစ္စ တွေ၊
ဆင်းရဲတဲ့ = ဒုက္ခတွေ၊
အစိုးမပိုင်တဲ့ = အနတ္တတွေ" လို့ ယထာဘူတ ဉာဏ်ပညာဆိုတဲ့ စိတ်၏ ကိန်းပျော်ရာ အာသယချုံပုတ် ဓာတ်ခံရှိကြတဲ့ လူငါးယောက်ခန့်က ယထာဘူတဉာဏ်နဲ့ ပတ်သက်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကြောင်းကိုပဲ အချိန်အားယင် ဆွေးနွေး၊ မေးမြန်း၊ ဟောကြား၊ နာယူ၊ စဉ်းစားကြတယ်။  အားသလောက်အချိန်မှာ ယထာဘူတဉာဏ်ပညာ အာသယ ချုံပုတ်ထဲမှာ သူတို့ရဲ့ "စိတ်" တည်းဟူသော သားသမင်ကလေးဟာ ကိန်းပျော်တယ်။  ရှေ့ငါးယောက်ရဲ့ "စိတ်" တည်းဟူသော သားသမင်ကလေးက "အနုလောမိက ခန္တိ" ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် အသိဉာဏ် ချုံပုတ်မှာ မွေ့လျော်ကိန်းပျော်တယ်။
.
ဒါကြောင့် အနုလောမိကခန္တိဉာဏ်နှင့် ယထာဘူတဉာဏ်တို့ကို သတ္တ၀ါတစ်ရာလျှင် တစ်ကျိပ်လောက်သော သတ္တ၀ါတို့ရဲ့ စိတ်ဓာတ်တည်းဟူသော သားသမင်ကလေးတို့ ကိန်းပျော်ရာ ချုံပုတ် အာသယဓာတ်လို့ ဗုဒ္ဓက သတ္တ၀ါတွေကို မြင်တော်မူတယ်။
``ဒီလူတွေက အနုလောမိကခန္တိဉာဏ် အာသယဓာတ်ခံ ရှိတယ်၊ ဒီလူတွေက ယထာဘူတဉာဏ် အာသယဓာတ်ခံ ရှိတယ်
´´ ဆိုတာကို အာသယာနုသယဉာဏ်ရှင် ဘုရားသခင်မှ သိမြင်တော်မူနိုင်တယ်။
.
ကျန်တဲ့လူကိုးဆယ်ထဲမှာ ၄၅ (လေးဆယ့်ငါး) ယောက်လောက်က ``သဿတဒိဋ္ဌိ
´´ ဆိုတဲ့ စိတ်၏ ကိန်းပျော်ရာ အာသယဓာတ်ခံ ရှိတယ်။
အခြား လေးဆယ့်ငါးယောက်လောက်က ``ဥစ္ဆေဒဒိဋ္ဌိ
´´ ဆိုတဲ့ စိတ်၏ ကိန်းပျော်ရာ အာသယာဓာတ်ခံ ရှိတယ်။
ဓမ္မစကြာဉာဏ်မျက်စိနဲ့ ပြောယင် -
(က) သဿတဒိဋ္ဌိ အာသယရှိကြတဲ့ (၄၅)ယောက်မျှသော သတ္တ၀ါတို့က ``ကာမသုခလ္လိကာနုယောဂ
´´ အစွန်းဘက် နီးကပ်သွားတယ်။
(ခ) ဥစ္ဆေဒဒိဋ္ဌိ အာသယရှိကြတဲ့ (၄၅)ယောက်မျှသော သတ္တ၀ါတို့က ``အတ္တကိလမထာနုယောဂ
´´ အစွန်းဘက် နီးကပ်သွားတယ်။
.
နိုင်ငံရေးသဘောစဉ်းစားလျှင်...
=================
.
(က) သဿတဒိဋ္ဌိ အာသယရှိကြတဲ့ (၄၅)ယောက်မျှသော သတ္တ၀ါတို့သည် ကာမသုခလ္လိကာနုယောဂ အစွန်းဘက်သို့ နီးကပ်သွားပြီး ``လက်ယာ
´´နိုင်ငံရေးကို အကြွင်းမဲ့ ယုံကြည်၊ ပြောဆို၊ ဆွေးနွေး၊ စဉ်းစား၊ နှစ်သက်တယ်။
.
(ခ) ဥစ္ဆေဒဒိဋ္ဌိ အာသယရှိကြတဲ့ (၄၅)ယောက်မျှသော သတ္တ၀ါတို့သည် အတ္တကိလမထာနုယောဂ အစွန်းဘက်သို့ နီးကပ်သွားပြီး လက်ဝဲနိုင်ငံရေးကို အကြွင်းမဲ့ ယုံကြည်၊ ပြောဆို၊ ဆွေးနွေး၊ စဉ်းစား၊ နှစ်သက်တယ်။
.
အိမ်း... ဒီနေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်နဲ့ မကြည့်နဲ့၊ ယနေ့လူ့လောကမှာ ``လက်ယာနိုင်ငံရေး အယူသည်းသူ၊ လက်ဝဲနိုင်ငံရေး အယူသည်းသူ
´´ လို့ ပုဂ္ဂလာဓိဋ္ဌာန်နဲ့ ကြည့်ယင် -
``သူ့တော့ မုန်းလိုက်တာ၊ ဘယ်သူတော့ ဘာပြုလိုက်တာ
´´ စသည်ဖြင့် အကုသိုလ်ဖြစ်တတ်သည်။
``အဲဒီ လက်ယာ လက်ဝဲ ဆိုတာ အမှန်တော့ သူတို့ရဲ့ အာသယဓာတ်က စီမံပေးတဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း စိတ်က သဘောကျပြီးတော့ လက်ဝဲ လက်ယာဘက်ကို လိုက်နေကြတာပဲ
´´ လို့ အာသယဓာတ်ကို ဓမ္မာဓိဋ္ဌာန်ကျကျ မြင်အောင်ကြည့်ပါ။ ထိုသို့ အာသယဓာတ်ကို မြင်အောင်ကြည့်လျှင် ဓမ္မသံဝေဂ ရတယ်။ အကုသိုလ် အဖြစ်နည်းတယ်။
..
ဒိဋ္ဌိနှစ်ပါး၏ အထူး
************
ကိုင်း.. ကောင်းပြီ၊ သဿတဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်၊ ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီ သဿတ၊ ဥစ္ဆေဒ အယူတို့ ဘယ်လို ထူးခြားသလဲ ဆိုတော့ အဋ္ဌကထာမှာ -
"ဧတ္ထ စ သဿတဒဿနံ အပ္ပသာဝဇ္ဇံ ဒန္ဓ၀ိရာဂံ ဥစ္ဆေဒဒဿနံ မဟာသာဝဇ္ဇံ ခိပ္ပ၀ိရာဂံ။"
ဧတ္ထ= ဤသဿတ၀ါဒ ဥစ္ဆေဒ၀ါဒ နှစ်ပါးတို့တွင်။
လက်ယာဘက်သမားဖြစ်သော -
သဿတဒဿနံ= သဿတ အယူဝါဒသည်။
အပ္ပသာဝဇ္ဇံ= နည်းသောအပြစ်ရှိ၏။ (အပြစ်နည်းတယ်)
ဒန္ဓ၀ိရာဂံ= တရားဟောပြီး ခြွေချွတ်ယင် ဖြည်းဖြည်းမှ အဲဒီအယူဝါဒမှ ကင်းနိုင်မည်၊ ကျွတ်နိုင်မည်။
.
(သဿတဒိဋ္ဌိ အာသယဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်တွေ အကုသိုလ်အပြစ်တော့ သူက နည်းတယ်၊  သို့သော် သူရဲ့ မိစ္ဆာအယူကို စွန့်ပစ်ဖို့ကျတော့ နှေးကွေးတယ်။)
လက်ဝဲဘက်သမားကျတော့ -
ဥစ္ဆေဒဒဿနံ= ဥစ္ဆေဒ အယူဝါဒသည်။
မဟာသာဝဇ္ဇံ= ကြီးသောအပြစ်ရှိ၏။ (အပြစ်ကြီးတယ်)
ခိပ္ပ၀ိရာဂံ= သဘောကျလို့ရှိယင် လျင်လျင်မြန်မြန် ကင်းကွာခြင်း သဘောရှိ၏။
(ဥစ္ဆေဒအယူဟာ အပြစ်တော့ အင်မတန်ကြီးတယ်။  သို့သော် မဇ္ဈိမပဋိပဒါလမ်းကို မြန်မြန် ပြောင်းလွယ်တယ်။)
.
ဘယ့်နှယ်ကြောင့်လဲ။
သဿတ၀ါဒ ရှိတဲ့လူက ပစ္စုပ္ပန်ဘ၀ ရှိတယ်၊ လက်ခံတယ်။
 ဒီဘ၀မှ သေယင် တမလွန်ဘ၀ရှိတယ်၊ လက်ခံတယ်။
ကုသိုလ် အကုသိုလ် ကံ ရှိတယ်၊ လက်ခံတယ်။
ကုသိုလ် အကုသိုလ် ကံ တို့ရဲ့ ကောင်းကျိုး၊ မကောင်းကျိုး ရှိတယ်၊ လက်ခံတယ်။
.
သဿတ၀ါဒသမားဟာ-
 ကုသိုလ်ကိုပြု၊ ဘာပြုလို့လဲ။  ကုသိုလ်ပြုမှ၊ ကောင်းမှုပြုမှ ကောင်းကျိုးရမယ်။  ဒါ ကောင်းကျိုးကို လိုချင်တာ။  သဿတဒိဋ္ဌိကိုက လောဘဘက် ယိုင်တော့ ကောင်းကောင်းကို အလိုရှိတော့ ကုသိုလ်ဆိုတာ ကောင်းသောအမှု၊ ကောင်းမှု ပြုယင် ကောင်းကျိုးကို ရမယ်။  ကောင်းကျိုးကို သူက လိုချင်တော့ အကုသိုလ်ပြုရမှာ ကြောက်တယ်။  ဒါကြောင့် သူ့ သဿတဒိဋ္ဌိမှာ အပြစ်နည်းတယ်။  သို့သော် သူက သံသရာဝဋ်ကို သာယာနေတော့ ဘုရား ပစ္စေက ဗုဒ္ဓါ အရိယာ သာဝကတို့ တရားဟောသော်လည်း သူ့ရဲ့ သဿတအယူကို မြန်မြန် မစွန့်နိုင်ဘူး။  ကင်းဖို့ရန် နှေးကွေးတယ်။
.
ဥစ္ဆေဒသမားကျတော့-
ပစ္စုပ္ပန်လောက၊ တမလွန်လောက ရှိတယ် ဆိုတာကိုတော့ သူသိတယ်။  သူလည်း ဒီပစ္စုပ္ပန်လောကထဲမှာ သူနေတယ်။  တမလွန်ဆိုတာ လူ့ဘ၀မှတပါး အခြားဘ၀၊ တိရစ္ဆာန်တွေရဲ့ ဘ၀ကို မျက်စိနဲ့ အမြင်ပဲ။  ဥစ္ဆေဒဒိဋ္ဌိသမားတွေ အနေနဲ့ တမလွန်လောက ရှိတယ် ဆိုတာကို တိရစ္ဆာန်တွေနဲ့ တစ်ဘုံထဲမှာ နေကြရလို့ သူတို့သိတယ်။  ဒါပေမယ့် ပစ္စုပ္ပန်လောက၊ တမလွန်လောက ရှိတယ် ဆိုတာကို သူ လက်မခံချင်ဘူး။  အမြင်ဖြစ်လျက် သိလျက်နဲ့ လက်မခံတာ။  အဲ.. ကုသိုလ် အကုသိုလ်ကံ = ကောင်းမှု မကောင်းမှု ပြုနေတာကို သူအမြင်ပဲ။  ဒါပေမယ့်လို့ ကောင်းမှုကံ မကောင်းမှုကံရယ်လို့ ခွဲခြားတာကို သူ လက်မခံနိုင်ဘူး။  လက်မခံနိုင်တော့ သူဟာ မကောင်းမှု အကုသိုလ်တွေကို လွယ်လွယ်နဲ့ လုပ်ချင်သွားတယ်။  ကောင်းမှုကုသိုလ်တွေကို လွယ်လွယ်နဲ့ မလုပ်ချင်ဘူး။  ဒီတော့ ဥစ္ဆေဒ၀ါဒသမားဟာ ကုသိုလ်မှုကို မပြုဖြစ်ဘဲ အကုသိုလ်မှုကို လွယ်လွယ်နဲ့ ပြုဖြစ်တယ်။  ဉာဏ်ပညာ ဖြန့်ပြီး ကြည့်ပါလေ။
.
ယနေ့ ကမ္ဘာကြီးမှာ သဿတနဲ့ ဥစ္ဆေဒ ပြိုင်ပြီး သဿတက လက်ယာ၊ ဥစ္ဆေဒက လက်ဝဲ အပြိုင်ကြဲ အပြိုင် စခန်းသွားနေကြတယ်။  အဲဒီတော့ အဋ္ဌကထာ ဆရာတော်က ပြောပြတယ်။  ဥစ္ဆေဒသမားဟာ သံသရာ ၀ဋ်မှာ မသာယာတော့ ကုသိုလ်မှုကို မပြုဖြစ်ဘဲ အကုသိုလ်မှုကို လွယ်လွယ်နဲ့ သူပြုတယ်။  ဒါကြောင့် သူ့ရဲ့ အယူသည် အပြစ်ကြီးတယ်။  သို့သော် သံသရာဝဋ်မှာ တွယ်တာတဲ့ လောဘ နည်းပါးတော့ သူ့ကို မဇ္ဈိမပဋိပဒါတရားဟောယင် မြန်မြန်ကြီး သူ့ရဲ့ ဥစ္ဆေဒအယူကို စွန့်လွယ်တယ်။  ဒီအချက်က ဥစ္ဆေဒ၀ါဒသမားတွေ အပေါ်မှာ အင်မတန် ချစ်စရာကောင်းတဲ့အချက် ဖြစ်ပါတယ်။
.
လောကဥပမာအားဖြင့်-
********************
၁) ငါးထပ် ခြောက်ထပ်ရှိတဲ့ တိုက်ကြီးပေါ်မှာ မြေကြီး ခြေမကျအောင် လူ့ဘ၀စည်းစိမ်ကို အချမ်းသာဆုံး ခံစားနေတဲ့ လူတစ်ယောက်၊
၂) အောက်မြေကြီးမှာ ရောက်ပြီး တဲကုပ်ကလေးထဲမှာ ဆင်းဆင်းရဲရဲ စား ၀တ် နေရတဲ့ လူတစ်ယောက်၊
၃) အလယ်အလတ် နှစ်ထပ်အိမ်ကလေးနဲ့ လူ့ဘ၀ ချမ်းသာကို အလယ်အလတ် မျှတရုံ ခံစားနေတဲ့ လူတစ်ယောက် လို့ လူသုံးယောက် ရှိကြတယ် ဆိုပါစို့။
အဲဒီ လူသုံးယောက်တွင် ငါးထပ် ခြောက်ထပ် တိုက်ကြီးပေါ်မှာ မြေကြီး ခြေမကျအောင် လူ့ဘ၀စည်းစိမ်ကို အချမ်းသာဆုံး ခံစားနေတဲ့လူကို အလယ်အလတ် နှစ်ထပ်အိမ်ကလေးနဲ့ လူ့ဘ၀ချမ်းသာကို အလယ်အလတ် မျှတရုံ ခံစားနေတဲ့လူက -
"ကျွန်တော့် သုခမျိုးကို လာခံစားစမ်းပါ" လို့ ဆိုယင် တိုက်ကြီးပေါ်က လူက မလာပေဘူး။ 
အောက် မြေကြီးမှာ ရောက်ပြီး တဲကုပ်ကလေးထဲမှာ ဆင်းဆင်းရဲရဲ စား၊ ၀တ်၊ နေရတဲ့ လူကို မဇ္ဈိမပဋိပဒါ အလယ်အလတ် ချမ်းသာတဲ့လူက -
"သူ့ရဲ့ သုခကို ခံစားစမ်းပါ" ဆိုယင် လွယ်လွယ်နဲ့ ခံစားမယ်။
.
ထို့အတူပဲ သဿတဒိဋ္ဌိ အာသယရှိတဲ့ သတ္တ၀ါကို "ဗုဒ္ဓဘာသာ တည်းဟူသော မဇ္ဈိမပဋိပဒါ = အလယ်အလတ် မဂ္ဂင်အကျင့်ဟာ ကောင်းပါတယ်" လို့ ဘယ်လိုပြောပြော၊ တိုက်ကြီးပေါ်ကလူကို  "ခင်ဗျား တိုက်ကြီးနဲ့ နေရတာ ချမ်းသာသုခ ဆိုပေမယ့် ချမ်းသာတာက တစ်ရွေး၊ ပြုပြင်ရတဲ့ ဒုက္ခက အများကြီး၊ လူက ဆင်းရဲမှ ခင်ဗျားရဲ့ ချမ်းသာသုခကို ရတာပါ" လို့ ဘယ်လိုပြောပေမယ့် နားမ၀င်သလို သဿတ၀ါဒသမားကလည်းပဲ မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းကို အလွယ်နှင့် မလိုက်ပါဘူး၊ နားမ၀င်ဘူး။ 
ဥစ္ဆေဒဒိဋ္ဌိ အာသယရှိသူကတော့ အလွန်ဆင်းရဲတဲ့လူနဲ့ တူတယ်။  အဲဒီလူကို "လာပါ၊ အလယ်အလတ် ချမ်းသာသုခကို ခံစားစမ်းပါ" လို့ ဆိုယင် လွယ်လွယ်နဲ့ ခေါ်ရတယ်။  အေး.. . ဥပမေယျပိုင်းမှာလည်းပဲ ဥစ္ဆေဒ၀ါဒ အာသယရှိတဲ့ ဒုက္ခရောက်နေသူကို မဇ္ဈိမပဋိပဒါ အလယ်အလတ် သုခရှိသူက ခေါ်လို့လွယ်တယ်။  ဒါကြောင့် ဥစ္ဆေဒ၀ါဒ အာသယရှိကြတဲ့ ပုဂ္ဂိုလ်တွေဟာ ချစ်စရာကောင်းတဲ့ အကွက်ကလေးရှိတယ်" လို့ မှတ်ပြီးတော့ သူတို့ကို အောက်မေ့လိုက်ယင် ဒေါသမဖြစ်တာ အမှန်ပဲ။  ဤ အာသယနှင့် စပ်၍ -
"သဿတုစ္ဆေဒဒိဋ္ဌိ စ၊
ခန္တိ စေ၀ါ နုလောမိကာ။
ယထာဘူတဉ္စ ယံ ဉာဏံ၊
ဧတံ အာသယသညိတံ။     ။" ဟူသော အကျဉ်းချုပ် ဂါထာကိုလည်း မှတ်ယူရာ၏။
.
ဝါဒသုံးမျိုး
********
မိစ္ဆာဝါဒတွေ ဘယ်လောက်များများ ဒီသုံးခုထဲမှာ အကုန်လုံး ၀င်သွားတယ်။ 
၁) သဿတအယူရှိတဲ့ လက်ယာ၊
၂) ဥစ္ဆေဒအယူရှိတဲ့ လက်ဝဲ၊
၃) ဧကစ္စသဿတ အယူရှိတဲ့ ကြားနေ၀ါဒ (လက်ဝဲဘက်လည်း ပါလိုက်၊ လက်ယာဘက်လည်း ပါလိုက်)
အဲဒီလို လောကမှာ ၀ါဒသုံးမျိုးထဲမှာ အားလုံး မိစ္ဆာဝါဒတွေ အကုန်ဝင်တယ်။
=========================
အာသယဓာတ်၊ ဒိဋ္ဌိအထူးနှစ်ပါးနှင့် ၀ါဒသုံးမျိုးကို ကောက်နုတ်ပြလိုရင်းဖြစ်၍ ဒီဃနခအား ချေချွတ်တော်မူသည့် အခန်းအား အောက်ပါအတိုင်း အကျဉ်းအားဖြင့် ဖော်ပြလိုက်ရပေသည်။ (ပို့စ်တင်သူ)
"ဆက်လက်၍ ဘဂ၀ါဘုရားရှင်သည် မဟာဂရုဏာတော်ပြဌာန်းကာ အရှင်သာရိပုတ္တရာ၏ တူဖြစ်သူ ဒီဃနခပရိဗိုဇ်အား ဥစ္ဆေဒအယူကို စွန့်လွှတ်သည်အထိ ဟောကြားဆုံးမတော်မူခဲ့ပါသည်။  မြတ်စွာဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းအပြင် နာမ်ကမ္မဋ္ဌာန်းဖြစ်သည့် ဝေဒနာကမ္မဋ္ဌာန်း (ရှင်သာရိပုတ္တရာနှင့် တူဖြစ်သူ ဒီဃနခပရိဗိုဇ်တို့၏ အာသယဓာတ်နှင့် သင့်တော်မည့် ကမ္မဋ္ဌာန်းကို ဆင်ခြင်ပြီး) ကို ပေးသည့်နောက် ဒီဃနခပရိဗိုဇ်သည် ဝေဒနာကမ္မဋ္ဌာန်းဖြင့်ပင် အရဟတ္တဖိုလ် ပေါက်ရောက်သွားလေတော့သည်။
ဘဂ၀ါဘုရားရှင်သည် အဂ္ဂိဝေဿန (ဒီဃနခ) အား တရားဟောကြားနေသည့်အချိန်တွင် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်၏ နောက်ကျောဘက်တွင် ရပ်၍ ဘုရားရှင်အား ယပ်ခပ်ပေးနေယင်း တရားတော်ကို လိုက်လံနာယူလျက်ရှိနေလေသည်။ ရှင်သာရိပုတ္တရာသည် တရားနာယင်း ၀ိပဿနာနှလုံး ကျင့်သုံးကာနေသည်။  ဝေဒနာ ပရိဂ္ဂဟကမ္မဋ္ဌာန်းကို ဘုရားရှင်ဟောသည့်အခါ ဝေဒနာ တစ်ခုစီ၊ တစ်ခုစီကို အနုပဒ၀ိပဿနာနည်းဖြင့် ၀ိပဿနာနှလုံး ကျင့်သုံးတော်မူကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွားလေတော့သည်။
=========================
(1.1.2016)
AKL






No comments:

Post a Comment